မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ဘာသာ ရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  အဆိုပါတက္ကသိုလ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အဆိုပါဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ ရူပဗေဒ အသင်းကို ပထဝီဝင်အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပွဲဆုတစ်လျှောက် အကောင်းဆုံးကစားသမားဆုတို့ကို ပါမောက္ခဌာနမှူးများကလည်းကောင်း၊ တတိယဆုရ သင်္ချာအသင်းမှ ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိကလည်းကောင်း၊ ဒုတိယဆုရ ရူပဗေဒအသင်းမှ ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ်ဒေါက်တာနေအောင်က လည်းကောင်း၊ ပထမဆုရ ပထဝီဝင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် အသင်းတာဝန်ရှိသူများထံသို့ တံခွန်စိုက်ဒိုင်းဆုတို့ကို ပါမောက္ခချုပ်ဒေါက်တာဘဟန်က လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲတွင် မြန်မာစာ၊ သင်္ချာ၊ ရုက္ခဗေဒ၊ ဒဿနိကဗေဒ၊ ဓာတုဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ အရှေ့တိုင်းပညာ၊ ဘူမိဗေဒနှင့် ရူပဗေဒ စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၁ဝ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချမ်းသာ