မက်မန်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအားဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၁၀) နာရီခွဲ အချိန် ခန့်က မက်မန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးတင့်က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်နှင့် မိမိ တာဝန်ထမ်းဆောင်နစဉ်ကာလအတွင်း တစ်စုံတစ်ရာ အခက်အခဲများကြုံလာပါက သက်ဆိုင်ရာကော်မတီများထံသို့ ချက်ချင်းသတင်းပေးပို့ ဆောင်ရွက်သွားရန် ထည့်သွင်းမှာကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးပြည့်ဖြိုးအောင်မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် ယခုသင်ကြားပို့ချမည့်ဆင့်ပွားသင်တန်း သင်ခန်းစာများကို မဲရုံ အဖွဲ့ဝင်များအားပြန်လည်ပို့ချရာတွင် အမှားအယွင်းမရှိအောင် ဂရုတစိုက်ပြန်လည်ပို့ချရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူး၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များကို သိရှိနားလည် စေရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)