မိတ္ထီလာ အောက်တိုဘာ ၂၆
မိတ္ထီလာမြို့နယ်တွင် အထူးရဲ ၂၉၁ ဦးအား Rapid Test Kit ဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က အထက (၅) ရှမ်းတဲ၌ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အားလုံးတွင် ကိုဗစ် - ၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးထံက သိရသည်။
မိတ္ထီလာမှာ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အထူးရဲတာဝန်ထမ်းဆောင်မယ့် အထူးရဲ ၂၉၁ ဦးကို ကိုဗစ် − ၁၉ ရောဂါပိုး ရှိ၊ မရှိ Rapid Test Kit နဲ့ စစ်ဆေးခဲ့ပြီးအားလုံးမှာ ကိုဗစ် − ၁၉ ရောဂါပိုး မတွေ့ရှိရပါဘူး။ အထက (၅) ရှမ်းတဲမှာ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိ ပြီး အောက်တိုဘာ ၂၈ ရက်နေ့ သင်တန်းဆင်းတဲ့အချိန်ကျရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများထံ သတ်မှတ်နယ်မြေအလိုက် တာဝန်ကျတဲ့ အထူးရဲတွေကို ချိတ်ဆက်တာဝန်ပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင် ပေးရမယ့် ကြိုတင်မဲတွေရဲ့ လုံခြုံရေးကို စတင်တာဝန်ယူရဖို့ရှိတယ်ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးအုန်းဟန်ဦးက ပြောသည်။
အဆိုပါ အထူးရဲ ၂၉၁ ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ Rapid Test Kit များဖြင့် စစ်ဆေးခြင်း အား ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာလင်းနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူးရဲ တာဝန်ထမ်းဆောင်မည့် အမျိုးသား ၂၉၁ ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းကို အထက (၅) ရှမ်းတဲတွင် ဖွင့်လှစ်ပို့ချလျက်ရှိပြီး ၎င်းတို့အား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (ပြန်/ဆက်)