ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျိုက်ထို ဒီဇင်ဘာ ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (Grade 5) ပြီးမြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို ကျင်းပရာ ကျိုက်ထိုမြို့နယ် အခြေခံပညာ မူလတန်းလွန် (ကံ့ကော်) ကျောင်းမှ ဒုတိယ မူလတန်းပြ ဆရာမ ဒေါ်မေလတ်ဇော်က မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ ဘီးလင်းမြို့နယ် အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရွှေရွှေဝင်းက အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်းကောင်း၊ ကျိုက်ထိုမြို့နယ် အခြေခံပညာမူလတန်း (ထင်းပုံကုန်း) ကျောင်းမှ‌ ကျောင်းအုပ်ဆရာကြီး ဦးသက်နောင်ထွေးက သင်္ချာဘာသာရပ်ကို လည်းကောင်း၊ ဘီးလင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းမှ မူလတန်းပြဆရာမ ဒေါ်ခင်ခင်အိက သိပ္ပံဘာသာရပ်ကိုလည်းကောင်း၊ ကျိုက်ထိုမြို့နယ် အခြေခံ ပညာမူလတန်း (တောလေး) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရဲဇာနည်အောင်က လူမှုရေးဘာသာရပ်ကို လည်းကောင်း အသီးသီး‌ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ဆွေးနွေးမှုများအပေါ် မရှင်းလင်းသည့် ဘာသာရပ်များအား ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ဆွေးနွေးခဲ့သည့် ဆရာ၊ ဆရာမများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးနှင့် တာဝန်ရှိသူများ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ ပညာရေးမှူး ဦးစိုးမိုးအေးနှင့် ကျိုက်ထိုမြိုနယ်အတွင်းရှိ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ ဘာသာရပ်အလိုက် သင်ကြား ပြသနေသော ဆရာ၊ ဆရာမ(၃၇၅)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)