ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အ.ထ.ကတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၆

ကျောင်းသားလူငယ်များ စကားပြောစွမ်းရည် မြင့်မားတိုးတက်စေပြီး၊ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ ပြောဆိုတတ်စေရန် ရည်ရွယ်ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို၊ ဒီဇင်ဘာ(၁၅)ရက်နေ့ နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ Grade-6 မှ ကျောင်းသား/ကျောင်းသူ(၂)ဦး၊ Grade-7 မှ ကျောင်းသား/ကျောင်းသူ (၂)ဦး၊ Grade-8 မှ ကျောင်းသား/ကျောင်းသူ(၂)ဦး၊ Grade-9 မှ ကျောင်းသား/ကျောင်းသူ(၂)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၈) ဦးတို့က လွတ်လပ်ခြင်း၏ တန်းဘိုးခေါင်းစဉ်၊ လွတ်လပ်ရေးအောင်ပွဲ ဒို့ဆင်နွှဲ ခေါင်းစဉ်၊ လွတ်လပ်သော လူမျိုး ခေါင်းစဉ်နှင့် လွတ်လပ်ခြင်း၏ အနှစ်သာရ ခေါင်းစဉ်များကို မဲနှိုက်ရွေးချယ်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပြီး၊ ဆုရရှိသူများကို ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲကြပြီး စုံညီပွဲတော်တွင် ဆက်လက်၍ ထိုက်တန်စွာ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျပန်းစကားပြော ပြိုင်ပွဲသို့ အမှတ်(၁)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမ များ၊ Grade-6 မှ Grade-9 အထိ ကျောင်းသား ကျောင်းသူများ၊ စုစုပေါင်း (၅၀၀)ကျော် တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)