မန္တလေး ဒီဇင်ဘာ ၁၆
မန္တလေးမြို့ အမရပူရခရိုင် အမရပူရမြို့နယ်ရှိ မဟာဓမ္မရံသီ ကုန်းတော်မြတ်၌ တည်ထားကိုးကွယ်အပ်သော ဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် (မန္တလေး)၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၅)ရက် ညနေပိုင်းက စွယ်တော်မြတ်စေတီတော် ရင်ပြင်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ လုပ်အားဒါနပြုကြသူများ၊ ဧည့်ပရိသတ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝရဒါဌာဓာတုစေတီယ စွယ်တော်မြတ်စေတီတော် ဗုဒ္ဓမြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းပြီး ဂန္ဓကုဋိတိုက်တော်အတွင်း တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓစွယ်တော်မြတ်အား ဖူးမြော်ကြသည်။
၎င်းနောက် (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမြော်ပူဇော်ခွင့် ရရှိရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၁၉၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ် မြန်မာနိုင်ငံသို့ ကြွချီတော်မူခဲ့ပါကြောင်း၊ အစိုးရနှင့်ပြည်သူတို့၏ ညီညွတ်သော သဒ္ဓါစွမ်းအား၊ ကာယစွမ်းအား၊ ဉာဏစွမ်းအားတို့ ပေါင်းစည်းပြီး မဟာဓမ္မရံသီကုန်းတော်မြတ်၌ ဉာဏ်တော်(၁၀၈)တောင် အမြင့်ဆောင်သော စွယ်တော်မြတ်စေတီတော်ကို ၁၉၉၅ ခုနှစ်တွင် ပန္နက်တော်တင်ကာ ၁၉၉၆ ခုနှစ်တွင် ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်အတူ ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ခဲ့ပါကြောင်း၊ ဘာသာရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်အောင်နှင့် မြန်မာ့ရိုးရာလက်မှုပညာများ တိမ်မြှုပ်ပျောက်ကွယ်မသွားစေရန် ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ဘာသာရေးယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲ အထိမ်းအမှတ် ရွှေမိုးငွေမိုးများရွာသွန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စွယ်တော်မြတ်စေတီတော်အား လက်ယာရစ်လှည့်လည် ပူဇော်၍ အလှူငွေများ လှူဒါန်းပြီး ရင်ပြင်တော်တွင် ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၉၀၀၀) ထွန်းညှိပူဇော်ကြပြီး ရွှေကြာသင်္ကန်းရက်လုပ်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်