နမ့်ခမ်း အောက်တိုဘာ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက်(၉)နှစ်နှင့်(၁၀)နှစ်အရွယ်အမျိုးသမီးငယ်(၃၀)ဦးအား ပထမဆုံးအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အောင်္ဂလာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးသည်။
သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်၍ “နမ့်ခမ်းမြို့၊ အောင်္ဂလာ ရပ်ကွက်မှာရှိတဲ့ မိန်းကလေးငယ်တွေကို စတင်ထိုးပေးခြင်းဖြစ်ပါတယ်၊ နမ့်ခမ်းမြို့ပေါ်အတွင်းရှိ အသက် (၉)နှစ်နှင့် (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်အားလုံးကိုလည်း ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပါတယ်၊ သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် အမျိုးသမီးများသေဆုံးမှု အများဆုံးဖြစ်တဲ့အတွက် သားအိမ်ခေါင်း ကင်ဆာ (HVP)ကာကွယ်ဆေးထိုးနှံပေးရခြင်းဖြစ်ပါတယ်၊ (HVP) ကာကွယ်ဆေးကို အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် မိန်းကလေးငယ်တွေမှာ ထိုးနှံပေးခြင်းအားဖြင့် ကာကွယ်မှုကို အစောဆုံးရရှိနိုင်မှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကျဆင်းလာစေမှာဖြစ်ပါတယ်၊ မိန်းကလေးငယ်တိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ်(၁၂)လခြားပြီး (၂)ကြိမ် ထိုးနှံပေးသွားမှာဖြစ်ပါတယ်”လို့ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောကြားသည်။
(HVP)ကာကွယ်ဆေးထိုးနှံပေးခြင်းကို နမ့်ခမ်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)