နမ့်ခမ်းမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို လုပ်ငန်းစွမ်းရည်မြှင့်တင် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

နမ့်ခမ်း   အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့်  ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်း စွမ်းရည်မြှင့်တင် ဆင့်ပွားသင်တန်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

ရှေးဦးစွာ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်မှ "၂၀၂၀ပြည့်နှစ် ပါတီစုံ အထွေထွေ  ရွေးကောက်ပွဲ ကျင်းပသည့်အချိန်သည်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကျင်းပရသည့်အတွက် မဲရုံမှူး ၊ ဒုတိယ မဲရုံမှူးတို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ကြေညာထားသည့် လမ်းညွှန်ချက်များနှင့်အညီ မဲဆန္ဒရှင်များ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နိုင်ငံတော်၏ အရေးကြီးသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ကြောင်း "အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းတင်မှ " ယနေ့တွင် မြို့နယ်ရှိ အမှတ်(၁) မဲဆန္ဒနယ်မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ဆင့်ပွားသင်တန်း ပို့ချမည်ဖြစ်ပြီး ဒုတိယနေ့တွင် အမှတ်(၂) မဲဆန္ဒနယ်မှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ဆက်လက်သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း "ဆင့်ပွား သင်တန်း  ဖွင့်လှစ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးစိုင်းအိုက်ယုံမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတာဝန်များ ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား အမှာစကားပြောကြားပြီး နမ့်ခမ်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီ  အတွင်းရေးမှူး ဦးဇင်မောင်နှင့် တာဝန်ရှိသူများမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးစာရေးတို့အား ရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးတို၏​ လုပ်ငန်းတာဝန်များကို ပရိုဂျက်တာနှင့် (Power Point)တို့ဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲရုံသရုပ်ပြဆောင်ရွက်မှုတို့ကို စာတွေ့၊လက်တွေ့တို့ဖြင့် သင်ကြားပို့ချပေးသည်။

နမ့်ခမ်းမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်တွင် ပါဝင်သည့် လျှာထားမဲရုံ(၄၅)ရုံတို့မှ  မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့် ရပ်/ကျေးစာရေးများသင်တန်းတက်ရောက်ကြပြီး အမှတ်(၂)မဲဆန္ဒနယ်မှ မဲရုံမှူး၊ ဒုတိယ မဲရုံမှူး များကိုလည်း ဆက်လက်သင်တန်းပို့ချပေးသွားမည်ဖြစ်​ကြောင်းသိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)