မှော်ဘီ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသော တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီအချိန်က မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်တို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားကျေးရွာအကအဖွဲ့၊ ရှမ်း(တိုက်ကြီး)အဖွဲ့၊ ကျီးပင်ဆိပ်ကျေးရွာတိုင်းရင်းသားကလေးငယ်များ အကအဖွဲ့တို့မှ အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး တိုင်းရင်းသားကျောင်းသားလူငယ်များက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲနှင့် ထုတ်ဆီးတိုးပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)