ကျိုင်းတောင်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေး မဲစာရင်း စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက် ခဲ့သည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများတို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အလိုက် မဲစာရင်းများ စစ်ဆေးရေတွက်ခြင်း၊ မဲလက်မှတ်များ ဆုတ်ဗြဲခြင်းရှိ/မရှိ၊ ပြည့်စုံမှုရှိ/မရှိ စသည့်အချက်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် ကျိုင်းတောင်းမြို့ရှိ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)အုပ်စုနှင့် မိုးနဲမြို့နယ် ကွန်လုံကျေးရွာအုပ်စု အပါအဝင် မဲရုံ(၁၁)ရုံ ရှိကြောင်း၊ အသက်ခြောက်ဆယ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကြိုတင်မဲဆန္ဒပေးနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)