ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသသို့ ပြည်ပ(၅၃)နိုင်ငံမှခရီးသွား (၃၉၅၄)ဦး လာရောက်လည်ပတ်

ညောင်ဦး ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ပြည်ပခရီးသွားဧည့်သည်များ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွား ဧည့်သည် (၃၉၅၄)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများနှင့် ပြည်ပနိုင်ငံ (၅၃) နိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေးဘုရားဖူးလာရောက်ကြရာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၊ သီတင်းကျွတ်ကျောင်းပိတ်ရက်များနှင့် လပြည့်/လကွယ်အဖိတ်၊ ဥပုသ်နေ့များတွင် ခရီးသွားများ ပုံမှန်များပြားလျက်ရှိကြောင်း၊ ပြည်တွင်းဘုရားဖူးခရီးသွားများအနေဖြင့် နေ့ချင်းပြန် ဘုရားဖူးများပြားသလို ပြည်ပခရီးသွားလာရောက်မှုများအနေဖြင့် ထိုင်း၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ စပိန်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ရှေးအလွန်ကျသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဂူဘုရားအမျိုးမျိုးတည်ဆောက်ပုံ ဗိသုကာပညာရပ်များ၊ မြေပေါက်စေတီများ၊ တိုက်မအလွန်ကြီးမားသည့် ရှေးအဆောက်အအုံများကို ထောင့်ချုပ်နေရာများတွင် သဲကျောက်တုံးများဖြင့် ထိန်းပေးထားပုံများ၊ ပုဂံခေတ်အနုသုခုမလက်ရာများကို လေ့လာလို၍ လာရောက်ကြခြင်းဖြစ်ကြောင်း၊ ပုဂံဂူဘုရားများအတွင်းရေးဆွဲထားသည့် ပုဂံခေတ်နံရံပန်းချီများ၊ ကုန်းဘောင်ခေတ်နံရံ ပန်းချီများကိုစိတ်ဝင်စား၍ လာရောက်လေ့လာကြခြင်းများရှိသလို ပုဂံခေတ်ရေးထိုး ကျောက်စာများကို လေ့လာဖတ်ရှုလိုသည့် ပြည်ပနိုင်ငံသားများက ကျောက်စာဖတ်တတ်သည့် ဧည့်လမ်းညွှန်များငှားရမ်း၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လာရောက်လည်ပတ်ကြကြောင်း သိရကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ပြည်ပ(၅၃)နိုင်ငံမှ ခရီးသွား(၃၉၅၄)ဦး လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း