ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ် ကုန်း-ကညင်ကုန်း လမ်းပေါ်ရှိ သခွပ်မြစ်တံတားအသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် တံတား တစ်စင်းလုံး၏ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၁ ခုနှစ် မတ်လ ကုန်တွင် အချောသပ်လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝေအောင် ထံမှ သိရသည်။
သခွပ်မြစ်တံတားသည် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်းလမ်းပေါ်တွင် တည်ရှိသော လမ်းပိုင်း ဖြစ်ပြီး နေ့စဉ် ယာဉ်အစီးရေ ၅၀၀ ကျော် ကူးသန်းသွားလာလျက်ရှိသည်။ ယခင်တံတားဟောင်းမှာ နှစ်ကာလကြာရှည်မှုနှင့် တံတားကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် တံတားအသစ်တည်ဆောက်ခြင်း စီမံကိန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် စတင်၍ အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက် ပြီးစီးမည်ဖြစ်သည်။
သခွပ်မြစ်တံတားအသစ်မှာ အရှည် ၄၉၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆လက်မ စုစုပေါင်း အကျယ် ၃၁ ပေရှိပြီး၊ ရေလမ်းကင်းလွတ်အမြင့် ၂ မီတာ၊ ရေလမ်းကင်းလွတ် အကျယ် ၂၉.၂၆ မီတာ၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်+ သံမဏိယက်မ(အပေါ်ထည်)ဖြစ်ပြီး၊ တံတား အောက်ထည်မှာ သံကူကွန်ကရစ် အချင်း ၁.၀ မီတာ ဘိုးပိုင်ဖြင့် တည်ဆောက်လျက်ရှိရာ တံတားစီမံကိန်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၂၅၀၃ သန်း ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသခွပ်မြစ်ကူးတံတားသစ် တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အချင်းချင်းချိတ်ဆက် သွားလာနိုင်မည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်မှုနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
သတင်း-နိုင်လင်းကျော်(ဒလ)၊ ဓာတ်ပုံ-တံတားအထူးအဖွဲ့(၁၁)