အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများ၊ PPE ဝတ်စုံများနှင့် Oxygen Cylinder အိုးများ လာရောက်လှူဒါန်း

ရန်ကုန်    အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများ၊ PPE ဝတ်စုံများနှင့် Oxygen Cylinder အိုးများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် လိုအပ် သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကိုဇေယျာမင်းနှင့် မသိမ့်နှင်းမွန်(မိသားစု)မှ ငွေကျပ်(၁)သိန်း၊ ဦးအုန်းရှိန်နှင့်ဇနီးဒေါ်ကြင်ငွေ(မိသားစု)မှ ငွေကျပ်(၁)သိန်းခြောက်သောင်း၊ ဦးကျော့စိန်နှင့်ဇနီး ဒေါ်စန်းတင့် (မိသားစု)မှ ငွေကျပ်(၁)သိန်း၊ ဒေါ်သန်းသန်းဝင်း(၆၄)နှစ်ပြည့် မွေးနေ့အလှူအဖြစ် ငွေကျပ် (၅) သောင်း၊ ကိုဦးနှင့်မနှင်း(မိသားစု)မှ ငွေကျပ်(၅)သိန်းခွဲတန်ဖိုးရှိ PPE ဝတ်စုံ(၁၀၀)စုံနှင့် စေတနာရှင်သူငယ်ချင်း တစ်စုမှ 40L Oxygen Cylinder တို့ကို အလှူရှင်များက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)သို့ အသီးသီးလှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူး တင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)