မက်မန်းမြို့နယ်တွင် လူငယ်ရေးရာစကားဝိုင်း ကျင်းပ

မက်မန်း ဒီဇင်ဘာ ၁၅

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာ၍ ဗဟုသုတရရှိလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀) နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မက်မန်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က  လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။  လူငယ်နှင့်ကလေးအလုပ်သမားပပျောက်ရေး လူငယ်စကားဝိုင်းတွင် Grade-11၊ Grade-10နှင့် Grade-9 တို့မှ ကျောင်သား/ကျောင်းသူ (၇)ဦးက ကမ္ဘာနှစ်အဝှမ်း ကလေးအလုပ်သမားပြဿနာ ရင်ဆိုင်ကြုံတွေ့နေရမှုအခြေအနေကို လည်းကောင်း၊ အလုပ်ခွင်တွင် ရောက်ရှိနေသော ကလေးငယ်များ၏  လုပ်ခန်းခွင်ပြဿနာများကို လည်းကောင်း၊  (ILO)အဖွဲ့၏ ထုတ်ပြန်ချက်များအား လည်းကောင်း၊ အလုပ်တစ်ဖက်နှင့်ကျောင်းတက်နေသော ကလေးငယ်မျာ၏ လူမှုရေးပြဿနာများအား လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်ကလေးအလုပ်သမားပြဿနာ ဖြစ်ပေါ်နိုင်သည့် အခြေအနေများအား လည်းကောင်း၊ ဝင်ငွေနည်းပါးသည့် မိသားစုများတွင် ကလေးအလုပ်များ ဖြစ်ပွားရသည့် အကြောင်းအရင်းများအား လည်းကောင်း၊ ကလေးအလုပ်သမားမဖြစ်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများအား လည်းကောင်း အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ်နှင့်ကလေးအလုပ်သမားပပျောက်ရေး စကားဝိုင်းတွင် မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade- 11၊ Grade-10နှင့် Grade-9 တို့မှ ကျောင်သား  /ကျောင်းသူ (၇)ဦးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ(၈၀)ဦး တက်ရောက်ခဲကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)