နမ္မတူ အောက်တိုဘာ ၂၆
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၉)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရှေးဦးစွာ နမ္မတူမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် သင်တန်းအား မဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဒုတိယမဲရုံမှူး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ဆောင်ရွက်ရမည့် ဆောင်ရွက် ရန်နှင့် ရှောင်ကြည်ရန်အချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးမှုပုံစံများကို လက်တွေ့သရုပ်ပြသခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံစွာ မဲပေးနိုင်ရေး အစီအမံများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆွေးနွေးပို့ချ ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် မဲရုံပေါင်း(၄၈)ရုံအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၉၆)ဦး၊ မဲရုံအတွင်းရေးမှူး (၂၃)ဦး စုစုပေါင်း (၁၁၉) ရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းအား အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် နမ္မတူရပ်ကွက်၊ ပန်ဟိုက်ရပ်ကွက်၊ ကြူဆော့၊ မိုင်းတတ်၊ ဟူးဆာနှင့် ဟင်ပုတ်ကျေးရွာအုပ်စုအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ဘော်တွင်း၊ ဆိုက်ခေါင်၊ နမ့်တောင်ကုန်း၊ မန်စံနှင့် ပန့်ဆော့ကျေးရွာအုပ်စုအား လည်းကောင်း၊ အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပန်ချင်၊ နားဆိုင်း၊ လွယ်ပြေး၊ နမ့်မျှော်၊ မိုင်းမုနှင့် ပန်လုံကျေးရွာအုပ်စုအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ချောင်းဆာ၊ မိုင်းရင်၊ ဝိန်းနန်၊ မန်ဆာလုံ၊ ခိုမိုနှင့် ဖာဆွမ်ကျေးရွာအုပ်စုအားလည်းကောင်း စသည်ဖြင့် အဖွဲ့ (၄)ဖွဲ့ခွဲကာ ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွေစင်စိုးထံက သိရှိရသည်။
လူမော် (ပြန်/ဆက်)