နမ့်ဆန် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီး ကျေးရွာအုပ်စု ကျောက်ဖြူကြီးကျေးရွာ မူလွန်စာသင်ကျောင်းရှေ့ ကွင်းပြင်တွင် ကျေးရွာလူထု လုပ်အားဖြင့် ကိုယ်ထူကိုယ်ထ တမံတလင်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူလွန်ကျောင်းရှေ့ကွင်းပြင်သည် ယခင်က မြေသားကွင်းပြင်ဖြစ်ပြီး စာသင်ကျောင်း ရေရှည်ခိုင်ခံ့ရန်နှင့် သာယာလှပရန်ရည်ရွယ်၍ ကျောက်ဖြူကျေးရွာအတွင်းရှိ ပညာရေး ဝန်ထမ်းများ၊ ရပ်ရွာလူထုများတို့က မတည်လှူဒါန်းသည့်အလှူငွေနှင့်လုပ်ငန်းဆောင်ရွက် လျက်ရှိရာ အလျားပေ(၁၀၀)၊ အနံပေ(၆၀)၊ ထု(၈)လက်မခန့်ရှိ ကွန်ကရစ် တမံတလင်း ဖြစ်အောင် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော ကုန်ကြမ်းဖြစ်သည့် ကျောက်၊ သဲ၊ ဘိလပ်မြေအတွက် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း(၂၀)ကျော်ခန့် ကုန်ကျပြီး ကျေးရွာလူထုတို့၏ စုပေါင်း လုပ်အား (၂၀၀)ဦးခန့်ဖြင့် စုပေါင်းဆောင်ရွက်ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ စာသင်ကျောင်း၏ ဥပဓိရုပ် ယခင်ကထက် ပိုမိုလှပ သန့်ရှင်းလာသည့်အပြင် ပညာ သင် ယူဆည်းပူးကြသည့် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများ လုပ်ရာတွင် ကျယ်ကျယ်ဝန်းဝန်းရှိပြီး ဆရာ\ ဆရာမများ ပညာသင်ကြားရာတွင် သန့်ရှင်း သပ်ရပ်သည့် စာသင်ကျောင်း ပတ်ဝန်းကျင်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကွန်ကရစ်တမံတလင်းခင်းရာတွင် ဦးဆောင်သူဖြစ်သည့် ဦးသန်းမြတ်စိုးထံမှ သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)