တာချီလိတ် အောက်တိုဘာ ၂၆
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ရေနုတ်မြောင်းတွင် အမှိုက်များပိတ်ဆို့ပြီး ရေစီးရေလာရပ်တန့်ကာ အနံ့အသက်ဆိုးများ ထွက်ပေါ်လျက်ရှိသဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်တွင် အမှိုက်များ၊ နှုံးများ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရသည်။
ရှမ်းရိုးမကွင်း ယာယီသားငါးဈေးရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေးတွင် ညအချိန် အကင်ဆိုင်များဖွင့် လှစ်ရောင်းချလျက်ရှိရာ၌ စည်းကမ်းမဲ့ဈေးသည်တစ်ချို့ကြောင့် အမှိုက်များကို မဆင်မခြင် မြောင်းထဲပစ်ရာမှ အချိန်ကြာလာသောအခါ မြောင်းထဲတွင် အမှိုက်များပြည့်လျှံပြီး ရေစီးရေလာ မကောင်းတော့သဖြင့် အနံ့အသက်ဆိုးများကိုဖြစ်ပေါ်စေလျက် ခရီးသွား ပြည်သူများအား စိတ်အနှောက်အယှက် ဖြစ်စေကြောင်း သိရှိရသဖြင့် စည်ပင်သာယာ သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက အမှိုက်များ၊ နှုံးများ ဆယ်ယူခြင်းကို ချက်ချင်း ဆောင်ရွက်ခဲ့ကြကြောင်း သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူကပြောကြားခဲ့သည်။
ဆက်လက်၍ဈေးသည်များအနေဖြင့်ဆိုင်သိမ်းချိန်တွင် မိမိ၏အမှိုက်များကို စနစ်တကျ ပလပ်စတစ်အိတ်ဖြင့် ထုတ်ပိုးလျက် အမှိုက်ပုံးရှိရာသို့ သွားရောက်စွန့်ပစ်ကြ ပါရန်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမျိုး မပြုလုပ်ကြရန်အသိပေးခဲ့ကြောင်း စည်ပင်သာယာသန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူကပြောကြားခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)