အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်အတွင်းရှိ အကွက်(၄၁၅/S1)တွင် Semi-Lockdown ချထား

မန္တလေး၊ အောက်တိုဘာ ၂၆

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်အတွင်းရှိ အကွက်(၄၁၅/S1)တွင် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိသည့် လူနာများများပြားလာသဖြင့် ယမန်နေ့ ညနေ၅နာရီမှစ၍ Semi-Lockdown ချထားလိုက်ကြောင်း သိရသည်။ Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၁  လမ်းနှင့် ၁၂ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ အကွက် (၄၁၅/S1)တွင်နေထိုင်ကြသည့် အိမ်ထောင်စု (၁၃၃) စု၊ လူဦးရေ စုစုပေါင်း (၄၉၀) ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 

အောင်မြေသာစံမြို့နယ်တွင် ယခုနှစ် အောက်တိုဘာ ၁ရက်နေ့က ဥပုသ်တော်ရပ်ကွက်ရှိ အကွက်(၂၀)နှင့် အကွက်(၂၉)၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ အကွက် (၃၆)တို့ကိုလည်းကောင်း၊ အောက်တိုဘာ ၉ရက်နေ့က အောင်မြေသာစံရပ်ကွက်တွင် အကွက်(၁၁၃)နှင့် အကွက်(၁၁၆) တို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ရက်နေ့က အောင်မြေသာစံရပ်ကွက်တွင် အကွက် (၁၂၈)နှင့်အကွက်(၁၂၉) တို့ကိုလည်းကောင်း Semi-Lockdown ချထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုအခါ အောင်မြေသာစံမြို့နယ်တွင် ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီအရှေ့ရပ်ကွက်များတွင် Semi-Lockdown ချထားခြင်းများကို ပြန်လည်ရုပ်သိမ်းထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဇော်လင်းဦး (အောင်စံ)