ပြင်ဦးလွင် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြီးမှူး၍ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်၊ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ် တပ်ဖွဲ့တို့မှ ခရိုင်ဦးစီးမှူးများ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုံလင်စွာတက်ရောက်သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိုင်းအောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွဲ့သွဲ့လင်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဆိုင်ရာ အကြောင်းအရာများ၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ကြိုတင်သတိ ပေးစနစ်အကြောင်းအရာများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းက ပြင်ဦးလွင်မြို့၏ ရာသီဥတုအကြောင်း၊ ဒေါ်အိအိဇင်က မြေငလျင်ဘေးသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဌာနမှ ရာသီဥတုနှင့်ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရာသီဥတုနှင့်ရေအမြစ် အသုံးချရေးဆိုင်ရာ အကြောင်းအရာများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ အကြောင်း အရာများအား အသီးသီးဆွေးနွေးပို့ချသည်။
အဆိုပါ ကြိုတင်သတိပေးစနစ်နှင့်သဘာဝဘေးဆိုင်ရာသင်တန်းသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)