လသာ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့်မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်အား တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း ပထမနေ့အဖြစ် ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်မှ (၁၅း၀၀)နာရီအချိန်အထိ အ.ထ.က(၂)လသာမြညီလာခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လသာမြို့နယ်မှနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီဝင်များမှကိုယ်စားလှယ်များ၊ လသာမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများ(၄၃၈)ဦးတက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှတာဝန်ရှိသူများက ရှင်းလင်းပြသကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသဲနုအောင် (ပြန်ဆက်)