ဒဂုံတက္ကသိုလ်၏ နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်

ဒဂုံအရှေ့ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္ကသိုလ်၏ နှစ်(၃၀)ပြည့်ပုလဲရတုအထိမ်းအမှတ်အခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ယမန်နေ့နံနက်ပိုင်း ၉ နာရီအချိန်ကကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိတက္ကသိုလ်အသီးအသီးမှ ပါမောက္ခချုပ်များ၊ ဒဂုံတက္ကသိုလ်အငြိမ်းစားပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဒဂုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက"မြကျွန်းညိုညိုတက္ကသိုလ်"သီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ်ဧကပိုဒ်ရတုဖြင့် ဂုဏ်ပြုရွတ်ဆိုခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ်ကျေးဇူးတင်စကားကိုပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းအား ဒဂုံတက္ကသိုလ်မှ ပုလဲရတုအထိမ်းအမှတ်ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ်အတွက် ငွေကျပ်သိန်း(၃၀)ကိုလှူဒါန်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကပေးအပ်ခဲ့ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းများမှ ငွေကျပ်(၃၈)သိန်းကိုလှူဒါန်းခဲ့ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာထွန်းမောင်က လက်ခံရယူခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ်အငြိမ်းစားပါမောက္ခချုပ်ဆရာကြီးများက နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ်ဂုဏ်​ပြုစကားများပြောကြားခဲ့ကြပြီး ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဒဂုံတက္ကသိုလ်အနုပညာအသင်းတို့မှ တက္ကသိုလ်သီချင်းများ၊ အငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှကြီးမှူးကျင်းပခဲ့သည့် သုတေသနစာတမ်းဖတ်ပွဲ၊ ဒဂုံတက္ကသိုလ်ပုလဲရတုအထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒဂုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စာပေ၊ အနုပညာ၊ အားကစားကဏ္ဍနှင့်ဝန်ထမ်းစွမ်းဆောင်မှုဆုအသီးသီးတို့ကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)