မလှိုင်မြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကျင်းပ

မလှိုင် ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းက စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်က “လနတ်တော်နှင့်စာဆိုပွဲ” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။  ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများနှင့် ဆရာ/မများက မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော စာဆိုတော်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်ပြပွဲတွင် ပြသထားသောသုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်မျိုးစုံတို့ကို ကြည့်ရှုလေ့လာခဲ့ကြပြီး   ပြတိုက်ငယ်အတွင်းပြသထားသော ရှေးဟောင်းပစ္စည်းများနှင့် ဒေသထွက်အသုံးဆောင်ပစ္စည်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဟိန်းချမ်းမြေ့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာ/မများအပါဝင် (၅၀)  ဦး  တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)