မိုးနဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွားသင်တန်းပို့ချ

မိုးနဲ  အောက်တိုဘာ ၂၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် လင်းခေးခရိုင် မိုးနဲမြို့နယ် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး/ ဒုတိယမဲရုံမှူးများကို ယနေ့နံနက် ၉ နာရီအချိန်က ဥယျာဉ်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွားသင်တန်းကို ဆက်လက် ပို့ချ လျက်ရှိသည်။

အဆိုပါသင်တန်းတွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် မဲရုံဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မီဒီယာနှင့် စောင့်ကြည့် လေ့လာသူများအား စီမံခန့်ခွဲခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအစီအမံများ၊ မဲရုံဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ တရားမဲ့ ပြုကျင့်မှုများ၊ မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်ဇယားများအား ဖော်ပြခြင်းတို့ကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ သင်တန်းနည်းပြများက စနစ်တကျ ပို့ချခဲ့ကြောင်း သိရသည်။

အလားတူ မဲရုံဖွင့်လှစ်မည့် နောင်မြိုင်းကျေးရွာ နောင်ခမ်း အ.မ.က ကျောင်းတွင် လည်းကောင်း၊ ပေါ့မိုင်း ရပ်ကွက် အ.မ.က ကျောင်းတို့တွင် လည်းကောင်း ပို့ချပေးလျက်ရှိပြီး     မိုးနဲမြို့နယ်၌ ကျိုင်းတောင်းမြို့ အပါအဝင် မဲဆန္ဒနယ် အမှတ်(၁) ၊အမှတ်(၂) တွင် မဲရုံပေါင်း ၃၁ ရုံအတွက် မဲရုံမှူး/ဒုတိယမဲရုံမှူး နှင့်အဖွဲ့ဝင် ပေါင်း ၅၆၄ ဦး အသုံးပြုရန် လျာထားပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၈၈၆၆ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)