မြစ်သား ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ငုဝါဝါနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ထွန်းထွန်းမော် (တရားလွှတ်တော်ရှေ့နေ)က ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်အောင်ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ကလေးများကိုကြမ်းတမ်းသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်နှင့် ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းမျိုးမှအကာအကွယ်ပေးရန်နှင့် ကလေးများ၏ကျန်းမာရေးနှင့်ပညာရေးတို့ကို ထိခိုက်စေမည့် အလုပ်မျိုးမလုပ်ရစေရန် တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ငုဝါဝါ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း (မြစ်သား)