လွိုင်လင်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

လွိုင်လင် အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများကို မဲရုံ လုပ်ငန်း ဆိုင်ရာသင်တန်းအား အောက်တိုဘာလ ၂၆ ရက် နှင့် ၂၇ရက်တို့တွင် အထက(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်လူမူဝန်ထမ်းဦးစီးဌာနရုံးတို့တွင် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းတင်နှင့် အတွင်းရေးမှူးဦးသိန်းနိုင်တို့က သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

လွိုင်လင်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၈၁ ရုံဆောင်ရွက်ထားပြီးမဲပေးပိုင်ခွင့်ရှိသူ (၉၆၆၂၄ ဦး) ရှိရာ မဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့တို့တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး ၁၆၂ ဦး တို့အား မဲရုံလုပ်ငန်း တာဝန်များဖြစ်သည့် မဲပေးရန်ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေး ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲရုံဝန်ထမ်း တစ်ဦးချင်းစီ၏ တာဝန်များ၊ မဲရုံသုံးပစ္စည်းများ၊ မဲရုံသုံးပုံစံများဖြန့်ဝေခြင်း ၊မဲစာရင်းရေတွက်ခြင်း၊ ကြေငြာခြင်းနှင့် ထုတ်ပိုးခြင်း စသည့် ဆောင်ရန်ရှောင်ရန်များကို နံနက် ၉ နာရီအချိန်မှ ညနေ ၅ နာရီ အချိန်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းဖွင့်လှစ်ပို့ချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းများခွဲ၍ သင်ကြား ပို့ချသွားမည်ဖြစ်ကာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် နိုင်ငံရေးပါတီများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကိုလည်း တက်ရောက်လေ့လာနိုင်ရန် ဖိတ်ကြား ထားကြောင်း  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)