ကျိုင်းတုံ၌ (၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်

ကျိုင်းတုံ   အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(အ‌‌‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင်(၂၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်းကို  အမှတ်(၁)ရပ်ကွက်၊ စွမ်ဆတ်တောင်ကုန်းရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး အာရုဏ်ခံတန်ဆောင်း၌ ဆရာတော်၊ သံဃာတော်များက ယနေ့ နံနက် ၁၀နာရီတွင် စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။

ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို “နမော တဿ”သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး သာသနာဝေပုလ္လပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိဇယက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာရွတ်ဖတ်ပူဇော်ကာ ထေရဝါဒသာသနာပြု ဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇနိယထံမှ အလှူရှင်များက ငါးပါးသီလဆောက် တည်ခံ ယူကြသည်။

ယင်းနောက် ဆရာတော်များက ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် နတ်ဗြဟ္မာများအား ဖိတ်ကြားပြီး ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်ရန် ပဋ္ဌာန်းအမွှန်းဂါထာကိုရွတ်ဆို၍  အသံမစဲ မဟာပဋ္ဌာန်းကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် အလှူရှင်တို့က ထေရဝါဒသာသနာပြုဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြပြီး အဆိုပါ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာလ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ် ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)