ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့်အမှာစကားပြောကြာပြီး၊ ကာလိနယ်မြေရဲစခန်း ဒုရဲအုပ်တေဇာလင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မြင့်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာများ၊ ကာလိနယ်မြေမီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ရဲဟိန်းမင်းက မီးဘေးအန္တရာယ်ဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က သတင်းမီဒီဆိုင်ရာများနှင့် စာအုပ်စာစောင်များ‌ လေ့လာဖတ်ရှုစေရေး အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များပြသခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)