မင်္ဂလာတောင်ညွန့်မြို့နယ် အ.ထ.က(၁)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်္ဂလာတောင်ညွန့်   ဒီဇင်ဘာ   ၁၂

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ​မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့နံနက် (:၃၀)နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ​မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဟောပြောရာတွင်  လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေရသစာပေများကို သိရှိထားရန် လိုအပ်ကြောင်းနှင့် အ.ထ.က(၁)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိုးကလည်း လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။ 

အဆိုပါ ဟောပြောပွဲသို့ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၃၀)ဉီးခန့်က စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)