ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၁)နှင့်(၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့ နံနက်(၁၀)နာရီက (၁၀၄)ဦး နေအိမ်ပြန်ခွင့်ရရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပရဟိတအသင်းစုံမှ Volunteers (၇၀) ဦးနှင့် Ambulances(၁၃)စီးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊အနံ့ပျောက်သူ များကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ ဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI) ကျောင်းဝင်းအတွင်း Contact Person များ ထားရှိရန် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၃)ခု၊အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများအတွက် အသွားအလာကန့်သတ် စောင့်ကြည့်နေရာ (၁)ခု၊ မြို့နယ် အတွင်းမှ Contact Person များ ထားရှိရန် အင်းစိန် အ.ထ.က(၃)နှင့် အ.ထ.က(၆) ကျောင်း တို့ကို အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ အဖြစ် အသုံးပြုလျက်ရှိကြောင်းသိရသည်။
ယခုအခါ အင်းစိန်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၆)ခုတွင် ဝင်ရောက်နေသော ပြည်သူများအနက် အင်းစိန်(GTI) အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၁)နှင့်(၃)တွင် ဝင်ရောက်နေသော ပြည်သူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ၍ (၁၀၄)ဦးကို ကျန်းမာရေးဌာနမှ ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံစာများကို ပေးအပ်ခဲ့ပြီး အိမ်ပြန်ခွင့်ပေးခဲ့ရာ အိမ်ပြန်ရန် အခက်အခဲရှိသူ (၇၀)ဦးခန့်အား အင်းစိန်မြို့နယ်၊ကြက်ခြေနီ အသင်းခွဲမှ တာဝန်ရှိသူများက နေအိမ်များသို့ အိမ်တိုင်ရာရောက် ကား(၂)စီးဖြင့် အသီးသီး ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ(၁၀၄)ဦးသည် မိမိနေအိမ်တွင် Home Quarantine (၇)ရက် နေထိုင် သွားရမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)