မောက်မယ် ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက စဉ့်ဝင်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်စေရန် လူငယ်များအနေဖြင့် ပညာရေး ကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေး စသည့်အကြောင်းများ ဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း၌ ခင်းကျင်းပြသ ထားသော သဘာဝဘေးအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဓါတ်ပုံနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)