အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း ရှားပါးဆောင်းခိုငှက် မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇) ကောင် စာရင်းကောက်ယူနိုင်

မိုးညှင်း   ဒီဇင်ဘာ   ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရင်း ရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ် များသည် ကျင်လည်ကျက်စားလျက်ရှိကြပြီး ယခုနှစ် နိုဝင်ဘာလအတွင်း စာရင်း ကောက်ယူချက်များအရ ဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၉)မျိုး၊ ကောင်ရေ (၁၂၄၄၇)ကောင်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၈)မျိုး၊ ကောင်ရေ (၇၁၇၀)ကောင် စုစုပေါင်းကောင်ရေ (၁၉၆၁၇)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်း တစ်လျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်များသည် နိုဝင်ဘာလအတွင်းတွေ့ရှိရသည့် ဆောင်းခို ရေပျော်ငှက် မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တိုးခြင်း လျော့ခြင်း မရှိသော်လည်း၊ ကောင်ရေ(၆၈၀)ကျော်ခန့် ပိုမိုလာရောက် ကျက်စားကြလျက် ရှိကြောင်းသိရပြီး၊ ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့် ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများ ရှိနေခြင်း၊ ရာသီဥတုအခြေအနေများနှင့် ကိုင်းတောများ ထူထပ်နေခြင်းတို့ကြောင့် ငှက်မျိုးစိတ် များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင် ခက်ခဲလှသဖြင့် ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာတွင် အနည်းငယ် တိမ်းစောင်းမှုများလည်းရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ဆောင်းခို ရေပျော်ငှက် မျိုးစိတ်များမှာ ‌အော်ယောငှက် (၂၅၀)ကောင်၊ ဘဲနီစပ် (၇၂၀)ကောင်၊ ပို့ချပ်ဘဲ (၄၅၀)ကောင်၊ ဘဲဖြူနက် (၃၈၁၀)ကောင်၊ ရေကြက်ဒုံ (၃၉၀၀)ကောင်၊ စင်ရော်ခေါင်းညို (၈၀၀)ကောင်နှင့် စင်ရော်ခေါင်းမဲ (၅၀၀) စသည်တို့ တွေ့ရှိရပြီး ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက် လမ်းကြောင်းတွင်လည်းကောင်း၊ အနောက်ဘက် လမ်းကြောင်းတွင်လည်းကောင်း၊ အင်းတော်ချောင်း တစ်လျှောက် ချောင်းဘေး ဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုလတွင် ဆောင်းခိုရေပျော်ငှက် မျိုးစိတ်နှင့် ဒေသရေပျော်ငှက်မျိုးစိတ် (၄၇)မျိုး၊ ကောင်ရေ (၁၉၆၁၇)ကောင်ကို ကွင်းဆင်း စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ဆောင်းခိုငှက်မျိုးစိတ်များသည် နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလမှစတင်၍ လာရောက်ဆောင်းခိုလေ့ရှိကြောင်း မှတ်တမ်းတင်ထားပါသဖြင့် နှစ်စဉ် အောက်တိုဘာလ ဒုတိယအပတ်တွင် ဆောင်းခိုငှက်များ ကြိုဆိုပွဲအဖြစ် အသိပညာပေး ဟောပြောပွဲများကျင်းပခြင်းနှင့် ဆိုင်းဘုတ်စိုက်ထူခြင်းများစသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်၍ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးအိုင်လည်းဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ် (၄၇)မျိုး၊ ကုန်နေရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် (၉၁)မျိုး၊ ငါးမျိုးစိတ် (၉၄)မျိုး၊ ရေပျော်ငှက်မျိုးစိတ် (၁၀၅)မျိုးနှင့် သစ်တောငှက်မျိုးစိတ် (၄၀၀)တို့ နေထိုင်ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

သတင်း- ရွှေမိုးညှင်း

ဓါတ်ပုံ- အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး