မိုးညှင်း အောက်တိုဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့ နံနက်(၉)နာရီအချိန်က ဖျားနာကုဆေးခန်း(Fever Clinic)ကို မိုးညှင်းခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် မနောချိုစုကြေးအဖွဲ့၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အဖွင့်အမှာစကားပြောကြားပြီး အဆိုပါ(Fever Clinic) ဖျားနာကုဆေးခန်းတွင် တာဝန်ခံကြီးကြပ်ဆောင်ရွက်ပေးမည့် ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်လှိုင်ထွေးက ယခုဖွင့်လှစ်မည့်ဆေးခန်းသည် ကိုဗစ်-၁၉ရောဂါသံသယလူနာများ အပါအဝင် ဖျားနာနေသူများကို စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် ဆေးခန်းဖြစ်ပြီး မည်သူမဆို အသက်အရွယ်ကျား/မ မရွေးလာရောက် ကုသမှုခံယူ နိုင်ပါကြောင်း၊ အဓိကအားဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလူနာများ ဆေးရုံကြီးအတွင်း ဝင်ရောက်မှုနည်းနိုင်သမျှနည်းပါးအောင် ယခုလိုဆေးခန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆေးခန်းဆောက်လုပ်ခြင်းအတွက် မတည်ငွေကျပ်သိန်း(၁၀၀)စိုက်ထုတ် လှူဒါန်း ပေးခဲ့သည့် မနောချို စုကြေးအဖွဲ့မှ တာဝန်ရှိသူများက အဆောက်အအုံပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာလာမာမီးထံ ပေးအပ်ခဲ့ကြသည်။
ယခုဖွင့်လှစ်ခဲ့သည် ဖျားနာကုဆေးခန်း(Fever Clinic)ကို ရက်သတ္တတစ်ပတ်လျှင် ၃ ရက်ဖြင့် (တနင်္လာ ၊ဗုဒ္ဓဟူး၊သောကြာ)နေ့များတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအချိန်အထိ ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရှိရပြီး အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်ထွေး(မိုးညှင်း)