ပုဇွန်တောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ပုဇွန်တောင် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပင်လုံခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၃၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇာခြည်လွင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ ယာဉ်မောင်းနှင်စဉ်ခါးပတ်ပတ်ရန်၊ အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ လမ်းကူးရာတွင်သတ်မှတ်ထားသည့် လူကူးမျဉ်းကြားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာရန် ချက်များစသည်တို့ကို ဟောပြောခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေးရုပ်သံများအား Projector ဖြင့်ပြသခဲ့ကာ တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်