မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၃
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကြယ်စင်စုကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့်ရသစာပေများကို သိရှိထားရန်လိုအပ်ကြောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် ဟောပြောရာတွင် စာရိတ္တဆိုသည့် ကိုယ့်ကျင့်သီလတရားသည် လူတစ်ဦးချင်းစီအတွက် အသက်သွေးခဲဖြစ်ကြောင်း၊ သူတော်ကောင်းတရား လေးပါးကို လိုက်နာရန်လိုအပ်ကြောင်း၊ စာရိတ္တခိုင်မြဲဖို့အတွက် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကိုဟောပြောခဲ့ပြီး ကြယ်စင်စုကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးက လူငယ်နှင့်ပညာရေးခေါင်းစဥ်ဖြင့် အသီးသီးဟောပြာခဲ့သည်။
ထို့နောက် ကြယ်စင်စုကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူဒေါ်ဥမ္မာက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အမျိုးသမီးများ သိထားသင့်သည့် မှုခင်းကာကွယ်ရေး အသိပညာပေး၊ လူကုန်ကူးမှုအသိပညာပေး၊ အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအသိပညာပေးစသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)