တာချီလိတ်မြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၃

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ အထက (တာချီလိတ်) ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ နာယက ဦးစိုးစိုး (သုတစိုး-နေ့သစ်) က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်များဖြစ် ပေါ်လာစေရန်၊ အနာဂတ်နိုင်ငံ့တာဝန်များကိုထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြတ် သည့် လူငယ်များပေါ်ထွက်လာစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ ဆက်လက်ကျင်းပရာ အခြေခံပညာအထက်အတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးမှ ၎င်းတို့သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)