မိုင်းငေါ့ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ စိုက်ပျိုးထားသော ရွှေရင်အေး စပါးမျိုးစေ့ထုတ်စိုက်ခင်းသို့ အထွက်နှုန်းမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းနိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်က သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်း စစ်ဆေးခြင်းကို တာလုံရပ်ကွက် ကွင်းအမှတ် (၆) တောင်သူ ဦးကျော်ဝင်း၏ စိုက်ခင်းသို့ မိုင်းငေါ့မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဇေယျာမျိုးက မိုးစပါး အထွက်နှုန်း မှန်ကန်စေရန်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရိတ်သိမ်းချိန်တွင် မိုးလေကင်းလွတ်သည့်အချိန်၌ ရိတ်သိမ်းနိုင်ရေး ရိတ်သိမ်းပြီးစပါးများအား အမြန်ခြွေလေ့နိုင်ရန်အတွက် တလင်းများကို ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့အပြင် ပိုး/ရောဂါကာကွယ်နိုင်ရေး နည်းလမ်းများ ပိုးသတ်ဆေး စနစ်တကျသုံးစွဲခြင်း နည်းလမ်းများကိုလည်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)