ချမ်းအေးသာစံ ဒီဇင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပသည်။
ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲဝင်နိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ပြီးပြိုင်ပွဲသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကာ ဘာသာရပ်အလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ဗိုလ်လုပွဲများကို ညနေပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး အင်္ဂလိပ်စာဘာသာရပ်အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်္ဂလိပ်စာဘာသာရပ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ ဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများက ဂုဏ်ပြုငွေနှင့်ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်