ပြင်ဦးလွင်မြို့ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင်  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ  စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်အုပ်ချုပ်သူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် ပြင်ဦးလွင်ခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်ထူး၊  မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေ ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ကြသည်။

ရှေးဦးစွာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက  ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခြင်း၊  စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည် ။

ဆက်လက်ပြီး  ကျောင်းသား၊ ကျောင်းသူများက ဟောပြောဆွေးနွေးချက်များအား   မိမိတို့ မှတ်သားနားလည်မှုအလိုက်  အသီးသီး ပြန်လည်ဆွေးနွေး တင်ပြကြ၍  စာရေးဆရာ ကိုရွှေအောင်သင်းက စိုးစံကိုယ်ပိုင်ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်များနှင့် ကျောင်းသား/သူများအတွက် အမှတ်တရ လက်ဆောင်များနှင့် မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည် ။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား  စိုးစံကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သားလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ်(ပြန်/ဆက်)