မုဒုံ ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)သင်္ဘောဦး စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် မုဒုံမြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/ကျောင်းသူ အချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်အား/ကာမှူး ဒေါ်နွယ်နီစံတို့က ဆောင်ရွက်ပေးခဲ့ပြီး မလင်းပပဖြိုး (Grade- 8) က လူငယ်နှင့်အားကစား၊ မခိုင်သဇင် (Grade-8) က လူငယ်နှင့်ပညာရေး၊ မကြယ်စင်သော် (Grade-8) က လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး၊ မဖြိုးဝါဝါအောင် (Grade-9) က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသည့် ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးကာ စာအုပ်စာစောင်၊ နံရံကပ်ပိုစတာများ ပြသခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)