အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ ပို့ဆောင်

ရန်ကုန် အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ ယမန်နေ့ ညနေပိုင်းက အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၆)ခုအနက် အင်းစိန် (GTI) အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၃)သို့ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော စဉ့်ငူရပ်ကွက်၊ မိသားစုလမ်း၊ ဘူတာရုံလမ်း၊ ၅ ခန်းတွဲ ၅ လမ်းများမှ (၉)ဦး၊ တောင်သူကုန်းရပ်ကွက်၊ စောလေး ကျင်ကုန်းလမ်း၊ မဂ္ဂင်ကျောင်းလမ်း၊ အဏ္ဏဝါ (၂)လမ်းများမှ (၇)ဦး၊ပိန္နဲကုန်းရပ်ကွက်၊ရွာသစ်(၄) လမ်းမှ (၇)ဦး၊ ကမ်းနား အနောက် ရပ်ကွက်၊ သစ်ဆိပ်လမ်းမှ(၅)ဦး၊ ကမ်းနားအလယ်ရပ်ကွက်၊ ကံကြီးတိုးချဲ့(၁)လမ်းနှင့် အောင်ဇေယျ အိမ်ယာမှ (၅)ဦး၊ဖော့ကန်ရပ်ကွက်၊ သူရလမ်းမှ (၄)ဦး၊ကြို့ကုန်းအနောက် ရပ်ကွက်၊ မမဦးလမ်းနှင့်ဆေးဝါးစက်ရုံလမ်းများမှ (၄)ဦး၊ရွာမအရှေ့ရပ်ကွက်၊ဓမ္မာရုံလမ်း မှ(၂)ဦး၊ အောင်ဆန်းရပ်ကွက်၊ ရွှေပင့်ကူလမ်းမှ(၁)ဦး၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိအိမ်ယာမှ (၁)ဦး စုစုပေါင်း (၄၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီ အသင်းများမှ သက်ဆိုင်ရာ အသွားအလာကန့်သတ်စောင့်ကြည့်နေရာသို့ အသီးသီး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)