မိုင်းနောင်၌ သင်ကြားမှုနှင့် သင်ယူမှု အထောက်အကူပြု ကွန်ပျူတာခန်းမ ပြင်ဆင်ပြီးစီး

မိုင်းနောင်  အောက်တိုဘာ   ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ အသုံးပြုရန် ပြင်ဆင် ထားသော သင်ကြားမှုနှင့် သင်ယူမှုအထောက်အကူပြု ကွန်ပျူတာခန်းမကို ယမန်နေ့ ညနေပိုင်းတွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအားလုံး ပြောင်းလဲလာသော သင်ကြားမှု ပုံစံများ၊ တိုးတက်လာသော နည်းပညာများကို အပြည့်အဝ နားလည်သဘောပေါက်စေရန်၊ သင်ခန်းစာများအား အချိန်ကုန် သက်သာစွာ သင်ယူနိုင်ရန်၊ နည်းပညာနှင့် ရင်းနှီး ကျွမ်းဝင်စေရန်၊ ကျောင်းသားတိုင်း ကွန်ပျူတာ နည်းပညာ တတ်မြောက်အောင် သင်ယူနိုင်စေရန် ရည်ရွယ်ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ  ခန်းမတွင် တပ်ဆင်အသုံးပြုထားသော ကွန်ပျူတာများသည် ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ်အတွင်း ပညာရေးဌာနမှ  ထောက်ပံ့ပေးသော သင်ထောက်ကူပစ္စည်းများ ဖြစ်ပြီး ခန်းမပြင်ဆင်မှု ကုန်ကျစရိတ်များအား ကျောင်းသားမိဘများက စုပေါင်း၍ ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းထံမှ သိရသည်။

မိုင်းနောင်၊ ပြန်/ဆက်