တာလေ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ ကြည်မင်း ရေးသားသည့် ''အချိန်မဖြုန်း နည်း''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ''အချိန်ကို အကျိုးရှိရှိသုံးစွဲနည်း''ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် မိမိ၏အင်အားတွေကို နေရာတကျအသုံးချပြီး အလုပ်ကိုတွင်တွင်ကျယ်ကျယ်လုပ်နိုင်ရန်နှင့် လေးစားဂုဏ်ယူလောက်စရာလုပ်ရပ်တွေကို ပြီးမြောက်အောင်မြင်သည့် ဘဝတစ်ခုဖြစ်လာအောင် ထက်ထက်မြက်မြက် လုပ်နိုင်ရန် အချိန်ကိုထိရောက်စွာသုံးတတ်ဖို့လိုကြောင်း၊ ယခုစာဖတ်ဝိုင်းကျင်းပပြုလုပ်သည့် စာအုပ်တွင် အချိန်ချွေတာနည်း ၅၀ ကို အခန်း ၇ ခန်းခွဲပြီးဖော်ပြထားကြောင်း၊ အဆိုပါ အခန်း ၇ ခန်းကိုစီမံတတ်လျှင် အချိန်ကိုနိုင်သူဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက ''ကိုယ့်အကြောင်း ကိုယ်သိ၊ ကိုယ့်အလုပ်ကိုယ်သိ၊ ခိုင်ခိုင်မတ်မတ်ရှိ၊ အချိန်ကိုခွဲဝေသုံး''စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများတိုးပွားရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)