ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က (၂၇) ကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၂၇) ကျောင်း၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့ သင်ယူလေ့လာမှတ်သားထားသည်များကို ပြိုင်ပွဲ၌ အစွမ်းကုန် ထုတ်ပြရမှာဖြစ်ကြောင်း၊ မိမိတို့၏ ကျောင်းဂုဏ်သိက္ခာ မြင့်မားစေဖို့ ကြိုးစားယှဉ် ပြိုင်ရမှာဖြစ်ကြောင်း ပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အကဲဖြတ်ဒိုင် အဖွဲ့အနေဖြင့် သတ်မှတ်ထားသော အမှတ်ပေးစည်းမျည်းများ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းအခြေခံ ပညာအထက်တန်းကျောင်း (၉)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ(၉)ဦးတို့က မြန်မာ့လွတ်လပ်ရေးနေ့နှင့် လူငယ်တို့၏ တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လွတ်လပ်ရေး၏ တန်ဖိုးထာဝစဉ် မြတ်နိုးကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူ ပြောပြ၍ သိရသည်။

ဒေါ်ခင်စောလွင်(ပြန်/ဆက်)