စဉ့်ကူး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက သင်တန်းအဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ ဦးသိန်းဇော်က သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် မြို့နယ်ကျေး/လက်ဦးစီးမှူးတို့က သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်များကို သင်တန်းသားများထံ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၁)ရွာမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)