မကွေး ဒီဇင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင် အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃)နှင့် ပထမနှစ် (၂၀၂၃ ခုနှစ်အောင်) ကျောင်းသား၊ ကျောင်းသူများ၏ သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ PPTT သင်တန်းသူများက ပန်းများဝေစည် မြန်မာပြည်တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့မကွေးပညာရေးဒီဂရီကောလိပ်တွင် (၂၃-၁၁-၂၀၂၃) ရက်နေ့မှစ၍ ပုံမှန်အတန်းများနှင့် အတူ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် PPTT (၁၀/၂၀၂၃) သင်တန်းသား၊ သင်တန်းသူ (၂၇၇) ဦး၊ ပထမနှစ် (၂၀၂၃ - ခုနှစ်အောင်) ကျောင်းသား၊ ကျောင်းသူ (၁၉၆) ဦး၊ စုစုပေါင်း (၁၁၈၂) ဦး တက်ရောက်သင်ယူလျက်ရှိသောကြောင့် အထူးပင်ဝမ်းမြောက် မိပါကြောင်း၊ လက်ရှိကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်လျက်ရှိရာမှာ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်ရန်အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးလျက်ရှိပါကြောင်း၊ နိုင်ငံ၏ လူဦးရေ ထက်ဝက်ခန့်မှာ အခြေခံပညာအလယ်တန်းအောက်၌သာ ရှိနေပြီး စာရင်းဇယား အချက်အလက်များအရ အသက် (၂၅) နှစ်အထက် လူဦးရေ (၈) ရာခိုင်နှုန်းခန့်မှာ စာလုံး၀ တတ်မြောက်ခြင်းမရှိကြောင်းသိရကာ၊ ယင်းအခြေအနေသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ခက်ခဲဖြစ်လာနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှု တဖြည်းဖြည်းလျော့ကျလာနေသည်ကို တွေ့ရပြီး၊ အဆိုပါ သန်းခေါင်စာရင်း အရ အသက်အုပ်စုအလိုက် ကျောင်းတက်ရောက်မှုမှာ ၁၄ နှစ်နှင့် ၁၅ နှစ်ကြား အုပ်စုတွင် ၇၆ ရာခိုင်နှုန်း၊ ၁၅ နှစ်နှင့် ၂၄ နှစ်ကြားအုပ်စုတွင် ၃၁ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၂၅ နှစ်နှင့် အထက် အုပ်စုတွင် သုညဒသမ ၃ ရာခိုင်နှုန်း ရှိပါကြောင်း၊ ဒီအချက်မှာ အနာဂတ်တွင် နိုင်ငံအတွက် ကောင်းမွန်သည့် အလားအလာ မဟုတ်သည့်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနှုန်း တိုးမြှင့်စေရေးနှင့် ကျောင်းထွက်နှုန်း ကျဆင်းရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ဒါကြောင့် ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းများဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုနိုင်ငံတော်ကြီး တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် လူသားအရင်းအမြစ်များကို အဆင့်မြင့်ပညာများ လေ့ကျင့်သင်ကြားပေးရာ တက္ကသိုလ်၊ ကောလိပ်များက ပြုစုပျိုးထောင် မွေးထုတ်ပေးခြင်းဖြစ်ရာ တန်းစဉ်လိုက်မှန်မှန် ကူးပြောင်းရောက်ရှိနိုင်မှသာ အဆင့်မြင့်ပညာ သင်ယူခွင့်ရသူ တိုးတက်များပြားလာပြီး နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ရရှိမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးတွင် ပညာရေးဝန်ကြီးဌာနအောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၇၅ ကျောင်းနှင့် ဝန်ကြီးဌာန ၁၁ ခု၏ လက်အောက်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများအပါအဝင် စုစုပေါင်း ၁၇၅ ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိရာ တက္ကသိုလ်ပညာသင်ယူမှုအတွေ့အကြုံများက ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် အရေးကြီးကြောင်း၊ အခြေခံပညာကဏ္ဌမှာ ယခုအခါ ပညာရေး သင်ကြားမှုစနစ်သည် သင်ရိုးသစ်များဖြင့် သူငယ်တန်း + ၁၂ (KG + 12)ဖြင့် အကောင်အထည်ဖော် သင်ကြားပေးနေပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီကျောင်းသား၊ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် ခရိုင်(၅၀)ရှိ အခြေခံပညာအထက်တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်(၃၄)ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း(၃၄)ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ပြီး ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံးသူတစ်လုံးရပ်တည် ရှင်သန်နိုင်စေရန်နှင့် နိုင်ငံအတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာစေရန်လိုအပ်သော အရည်အသွေး အရည်အချင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို၊ ဒီဂရီကောလိပ်များမှလည်း လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ဆရာ/ဆရာမများကို နှစ်စဉ်မွေး ထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ အရည်အသွေး ကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာများကို လိုအပ်လျက်ရှိသလို ဆရာ/ဆရာမများကိုယ်တိုင်ကလည်း အရည်အချင်း ပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အသိပညာဗဟုသုတများ၊ ပြောင်းလဲတိုးတက်နေသော ပညာရေးစနစ်များအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး မိမိတို့၏ အရည်အသွေးများအား မြှင့်တင်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဦးတည်ချက် (၁၂)ရပ်အနက်မှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်က သင်တန်း ဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားပြီး၊ PPTT သင်တန်း ကျောင်းသား၊ ကျောင်းသူများက ဗိုလ်ရှုသဘင်၊ သွေရင်းများပီပီ၊ ယောသူတို့ရွာ၊ ပန်းတိုင်းပွင့်ရာ တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ၊ ဒုတိယနှစ်ကျောင်းသား မောင်ရဲရင့်မှူးက ဗလငါးတန်တို့ရည်သန် ကိုယ်တိုင်ရေးတေးသီချင်းသီဆိုခြင်းနှင့် ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများက ကျေးလက်သဘာ၀ ကျေးလက်အလှ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ ဖျော်ဖြေရေးအဖွဲများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ