လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲဆန္ဒပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ဌေးနှင့် ကော်မရှင်မှ တာဝန်ရှိသူများက မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များနှင့်အတူ ပွင့်လင်း မြင်သာမှုရှိစေရန် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် ရောက်ရှိလာသော ဆန္ဒမဲလက်မှတ် စာအိတ်များအား လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရှေ့တွင် မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အောက်တိုဘာလ(၂၉)ရက်နေ့မှစ၍ နိုဝင်ဘာလ(၅)ရက်နေ့ မနက်(၈)နာရီမှ ညနေ(၆)နာရီထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)