ကုန်စည်စီးဆင်းမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

လမ်းမတော် အောက်တိုဘာ ၂၆


လမ်းမတော်မြို့နယ်  UMFCCI  တွင် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် ကုန်စည်မပြတ်လပ်စေရေး နှင့် ချောမွေ့စေရေးတို့ အတွက် အစိုးရနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ တွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး ကုန်သည်စက်မှုအသင်းများနှင့် ညှိနှိုင်းအစည်းအဝေး အား Video Conferencing ဖြင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြ ရန်နှင့် အသင်းချုပ်အနေဖြင့်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြော ကြားခဲ့ သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အသီးသီးရှိ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များထံမှ ကုန်စည်စီးဆင်းမှုနှင့် စပ်လျဉ်း၍ သိရှိရသော အခြေအနေများ၊ Test Kit စစ်ဆေးခြင်းကိစ္စရပ်များ၊ Feedback များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ တိုင်း/ပြည်နယ်/ နယ်စပ် နေရာများတွင် စစ်ဆေးခြင်းကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်စည်စီးဆင်းမှု အခြေ အနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်သည်စက်မှုအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)