မြစ်ကြီးနား အောက်တိုဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းအားယမန်နေ့ နံနက်(၉)နာရီတွင် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကင်ရောတန်ဂွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံအဖွဲ့ ဖွဲ့စည်း၊ မဲရုံအဖွဲ့တာဝန်များ၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ မဲရုံတွင်အသုံးပြုမည့်ပုံစံများ၊ မဲရလဒ်များထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်၊ လမ်းညွှန်ချက်များကို အသီးသီးရှင်းလင်း ပို့ချကြသည်။
ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဝင်းသီတာအောင်က မဲရုံးမှူး၊ ဒုမဲရုံမှူးများ၏ မဲပေးခြင်းလုပ်ငန်းစစ်ဆေးရမည့်ချက်များ၊ မဲရုံဖွင့်လှစ်ခြင်းပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်း အဆင့်ဆင့်၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းပြုစုခြင်း၊ လုံခြုံရေးအိတ်များ ထုပ်ပိုးခြင်းနှင့် မဲရုံသရုပ်ပြသခြင်း များကို အသေးစိတ်ရှင်းလင်း ပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၄၀)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး(၂၈၀)ဦးတို့အား တစ်ရက်လျင် သင်တန်းသား(၇၀)ဦးဖြင့် အဖွဲ့လေးဖွဲ့ခွဲ၍ အောက်တိုဘာ (၂၅)ရက်နေ့မှ အောက်တိုဘာ(၂၈)ရက်နေ့ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွန်ချက် များနှင့်အညီ သင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)