သာစည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးတင့်ဘော်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ် ဥပဒေအရာရှိ ဦးသဲကိုထွန်းက ကလေးသူငယ်တစ်ယောက်၏ အသက်အရွယ်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်များ၊ ကလေးသူငယ်အခွင့်အရေးများနှင့် တာဝန်များ၊ ကလေးသူငယ်တစ်ဦး အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်စေခိုင်းခြင်း၊ သာမန်ပုံစံဖြင့် အလုပ်စေခိုင်းခြင်း၊ အသက်အရွယ်အလိုက် သတ်မှတ်အလုပ်ချိန်များ၊ ဥပဒေများနှင့် အရေးယူနိုင်သည့် ပုဒ်မများ စသည်ဖြင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများ၊ သုတရသ စာအုပ်များကို တက်ရောက်လာသော ဆရာ/မများနှင့် ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများသို့ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် မြို့ပေါ်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်