ဒဂုံ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ မြို့မအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အ.ထ.က(၂)(မြို့မကျောင်း)မှ ကျောင်းသာကျောင်းသူလေးများက"ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကဖတ်ကြားသည်။
ထို့နောက် အ.ထ.က(၂)ဒဂုံမြို့မကျောင်းမှ Grade-6 ကျောင်းသား ကျောင်းသူများက "မြို့မဂုဏ်"သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ အ.ထ.က(၂)ဒဂုံ(မြို့မကျောင်း)၏ ကျောင်းအကျိုးတော်ဆောင် နာယက ဗိုလ်ချုပ်စိန်ထွား(ငြိမ်း)က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် အ.ထ.က(၂)မြို့မကျောင်း၏ Grade-4 ကျောင်းသားကျောင်းသူလေးများက "ငါတို့မြို့မ" သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွင် အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရခဲ့ကြသော ကျောင်းသားကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ပေးခဲ့ကြပြီး အ.ထ.က(၂)မြို့မကျောင်း၏ ကျောင်းသားကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာကြီး/ဆရာမကြီးများဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
မိုးမိုးခိုင်(ပြန်/ဆက်)